တိုက်ပွဲကြားထဲမှာပင် ဘုရားသခင်၏ စားပွဲတော်၌ အနားယူခြင်း

2026-08-04 · Chhuana

Rev. Ngeng Chhuana

အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။— ဆာလံ ၂၃:၅

ဒါဝိဒ်မင်းကြီးသည် စိတ်ပိုင်းဆိုင်ရာ၊ နှုတ်ထွက်စကား ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက် ခံရခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို ကောင်းစွာသိရှိခဲ့သူ ဖြစ်သည်။ လူငယ်လေးဘဝတွင် ပရော ဖက်ရှမွေလ၏ ဘိသိက်ပေးခြင်းကိုခံရပြီး အစ္စရေးနိုင်ငံ၏ နောက်ထပ်ဖြစ်လာမည့် ဘုရင်အဖြစ်ရွေး ကောက်ခြင်းခံခဲ့ရသော်လည်း ထိုအချိန်တွင် စောလုသည် ဘုရင်အဖြစ် ရှိနေသေးသည့်အတွက် ဒါဝိဒ်ကို သတ်ရန် ကြံစည်ခဲ့သည်။ ထို့ကြောင့် ဒါဝိဒ်သည် စောလု၏ရန်မှ လွတ်မြောက်ရန် လိုဏ်ဂူ များထဲတွင် ပုန်းအောင်းခဲ့ရပြီး တစ်နိုင်ငံလုံးတွင်လည်း သူနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းဆိုးများ ပျံ့နှံ့နေ ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ကိုယ်တော်၏ စေတနာတော်အတိုင်း လိုက် လျှောက် မည့် ဘုရင်တစ်ပါးဖြစ်လာစေရန် ပြင်ဆင်ပေးနေသည့်အတွက် ဒါဝိဒ်သည် မည်သည့်အခါမျှ လက်စား မချခဲ့ပေ။

ဒါဝိဒ်က ဘုရားသခင်နှင့်ပတ်သက်၍  အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော် မူ၏။ (ဆာလံ ၂၃:၅) ဟု ဆိုခဲ့သည်။

ဒါဝိဒ်သည် စိတ်ဖိစီးမှုများ လွန်ကဲနေပုံပေါ်ပါသလား။ မဟုတ်ပါ! ဘုရားသခင်သည် သူ၏ ကာကွယ် စောင့်ရှောက်သူဖြစ်ကြောင်း ယုံကြည်ကိုးစားခဲ့သည့်အတွက် မိမိကိုယ်ကို ကာကွယ်ရန် သူ၏ အင်အား များကို ကုန်ခမ်းမခံခဲ့ပေ။

တိုက်ခိုက်ခံရသည့်အခါ၊ အထင်လွဲမှားခံရသည့်အခါနှင့် မိမိနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းများ ပျံ့နှံ့နေသည့်အခါတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ငြိမ်သက်စွာ အနားယူနိုင်ရန်အတွက် ကြီးမား သော ယုံကြည်ခြင်းနှင့် နှိမ့်ချသောစိတ် လိုအပ်ပါသည်။ ထိုသို့သော အခြေအနေမျိုး ကြုံရချိန်တွင် သင်၏အတွင်းစိတ်၌ ထကြွပြီး တုံ့ပြန်ရန် အစွမ်းကုန် လိုလားမိတတ်ကြသည်။ သင့်ကို တိုက်ခိုက် သည့် သူများကို မည်သို့ ကိုင်တွယ်မည်နည်း။ သင်ကိုယ်တိုင် မကိုင်တွယ်ပါနှင့်။ ဘုရားသခင် ကိုသာ ထိုသူများ ကို ကိုင်တွယ်ခွင့်ပြုလိုက်ပါ။

ဘုရားသခင်သည် သင့်ကို ကာကွယ်ပေးမည့်သူအဖြစ် ယုံကြည်ကိုးစားပါ။

ဘုရားသခင်သည် သင့်ကို ကာကွယ်ပေးလိုရုံမျှမက သင့်နှင့် မိတ်ဟာယဖွဲ့လိုပါသည်။  သမ္မာကျမ်းစာက ဆာလံ ၅:၁၁ ကိုဤသို့ စကားပြန်ဆိုထားသည် – ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော် ကြပါ စေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေ သော။”

ဆာလံကျမ်း ၂၃ နှင့် ဆာလံကျမ်း ၅ နှစ်ခုလုံးသည် စားပွဲတော် သို့မဟုတ် အောင်ပွဲခံပွဲတော်တစ်ခု၏ ပုံရိပ်ကို ထင်ဟပ်စေပါသည်။ ထိုပွဲတော်သည် မထင်မှတ်ထားသော အချိန်များ၌ဖြစ်သည် — ကောင်း မွန်သော အချိန်များ၌သာမက သင်တိုက်ခိုက်ခံနေရသည့် အချိန်များ၌ပင် ဖြစ်ပေါ် လာခြင်းဖြစ်သည်။

ယခုအချိန်တွင် သင်သည် ပြင်းထန်သော တိုက်ပွဲတစ်ခုကြားသို့ ရောက်ရှိနေပါက ဘုရားသခင်သည် ထိုအကြောင်းကို သိရှိတော်မူသည်။ သင်သည် သင်၏ အလုပ်အကိုင်၊ ကျန်းမာရေး၊ စိတ်ချမ်းသာမှု သို့မဟုတ် ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေရခြင်း ဖြစ်နိုင်သည်။ တိုက်ပွဲများ ဖြစ်ပွားနေစဉ်မှာပင် ဘုရားသခင်သည် သင့်အား အနည်းငယ်မျှသော အားပေးကူညီမှုကို ပေးရန်အတွက် စားပွဲတော်တစ်ခု ကို ပြင်ဆင်ပေးလိုသည်။

ဘုရားသခင်သည် စစ်မက်ဖြစ်ပွားရာ စစ်မြေပြင်ထဲ၌ပင် စားပွဲတော်ကို ကျင်းပပေးလိုတော်မူသည်။ သင်၏ စိုးရိမ်မှု၊ နာကျင်မှုနှင့် စီမံကွပ်ကဲလိုမှုတို့ကို ယေရှုထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီး ကိုယ်တော် ၏ ကတိတော်များထဲ၌ ငြိမ်းချမ်းစွာ အနားယူလိုက်သည့်အခါ ထိုသို့သော အားပေးထောက်မမှုများကို သင် ယနေ့ ရရှိခံစားနိုင်မည်ဖြစ်သည်။

သင်သည် ဘုရားသခင်၏ သားသမီးတစ်ဦးဖြစ်ပါက သင်၏ ကောင်းကင်ဘုံပါအဘသည် သင့်အတွက် ဂုဏ်ယူနေမည်ဖြစ်သည်။ ဝေဖန်တိုက်ခိုက်သူများက သင့်ကို မုန်းတီး၊ အုပ်စုဖွဲ့ စွပ်စွဲ၊ လျစ်လျူရှု၊ လှောင် ပြောင် သို့မဟုတ် အကောက်ကြံကောင်း ကြံစည်ကြလိမ့်မည်။ သို့သော် သင့်ဘဝပေါ်၌ ရှိသော ဘုရား သခင်၏ ကောင်းချီးမင်္ဂလာကိုမူ မည်သူမျှ တားဆီး၍ မရနိုင်ပါ။

သမ္မာကျမ်းစာ၌ လာသည်အတိုင်း –  ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။” (ရှောလမုန်သီချင်း ၂:၄)

မေးခွန်းများ

  • ယခုအချိန်တွင် သင်သည် မည်သည့်တိုက်ပွဲကို ရင်ဆိုင်နေရသနည်း။ မည်သည့် ရန်သူ သို့မ ဟုတ် အခက်အခဲက သင့်ကို စိန်ခေါ်စိုက်ကြည့်နေသနည်း။
  • သင်၏ ကာကွယ်စကြောင်းကို ဘုရားသခင်ထံ လွှဲအပ်စွန့်လွှတ်နိုင်ရန်အတွက် မည်သည့် အရာများကို စွန့်လွှတ်ရန် လိုအပ်မည်နည်း။
  • တိုက်ပွဲကြားထဲတွင် အနားယူခြင်းက သင့်အား ပိုမိုကောင်းမွန်စွာ တိုက်ပွဲဝင်နိုင်ရန် မည်သို့ အထောက်အကူပြုသနည်း။