ခွင့်လွှတ်ခြင်း

2026-08-05 · Chhuana

Rev. Ngeng Chhuana

အိမ်ထောင်ရေးဆိုသည်မှာ မပြည့်စုံသော လူနှစ်ဦးပေါင်းစည်းခြင်းဖြစ်၍ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စေခြင်း၊ နာကျင်စေခြင်းနှင့် ပြစ်မှားမိခြင်းတို့မှာ ရှောင်လွှဲ၍ မရနိုင်ပါ။ ထို့ကြောင့် ခွင့်လွှတ် ခြင်းသည် ကျန်းမာ၍ ရေရှည်တည်တံ့သော အိမ်ထောင်ရေးတစ်ခုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ကျမ်းစာလာ ခွင့်လွှတ်ခြင်းဆိုသည်မှာ နာကျင်မှုကို မသိကျိုးကျွံပြုခြင်း၊ မကောင်းမှုကို ဆင်ခြေပေးခြင်း သို့မဟုတ် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခြင်း မဟုတ်ပါ။ ၎င်းသည် ထိခိုက်နစ်နာမှုကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး မကျေနပ်ချက်များနှင့် လက်စားချေချင်သော စိတ်တို့ကို ဘုရားသခင်ထံ ပုံအပ်လိုက်ခြင်း ဖြစ်သည်။

ခွင့်လွှတ်ခြင်းသည် ခရစ်တော်အားဖြင့် ဘုရားသခင် ကျွန်ုပ်တို့အား ပြသခဲ့သော ကျေးဇူးတော်၌ အမြစ်တွယ်နေပါသည်။ ဇနီးမောင်နှံတို့သည် မိမိတို့မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ခွင့်လွှတ်ခံခဲ့ရသည်ကို နားလည်လာကြသောအခါ တစ်ဦးကိုတစ်ဦး ကျေးဇူးတော် ပြသနိုင်ကြမည် ဖြစ်သည်။ ခွင့်လွှတ် ခြင်းသည် နောင်တရခြင်း၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် သံယော ဇဉ် ပြန်လည်ဆန်းသစ်ခြင်းတို့အတွက် လမ်းစဖွင့်ပေးနိုင်ပါသည်။ သို့သော်လည်း ယုံကြည်မှုကို ပြန် လည်တည်ဆောက်ရာတွင် အမှန်တရား၊ ပြောင်းလဲလာသော အမူအကျင့်၊ သင့်တော်သော စည်းဘောင် များနှင့် အချိန်ကာလတို့ လိုအပ်ပါသည်။

ဇနီးမောင်နှံတိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အားနည်းချက်များ၊ မျှော်လင့်ချက်များ၊ စိုးရိမ်မှုများနှင့် အတိတ် ကအတွေ့အကြုံများ ပါလာကြသဖြင့် အိမ်ထောင်ရေးတိုင်းတွင် ပဋိပက္ခဆိုသည်မှာ ကြုံတွေ့ရမြဲဖြစ် သည်။ ထိုပဋိပက္ခများကို မဖြေရှင်ဘဲ ရက်ရှည်ထားရှိပါက နာကျင်မှုသည် ခါးသီးမှု၊ ကင်းကွာသွားမှု၊ ဒေါသ သို့မဟုတ် မထီမဲ့မြင်ပြုမှုတို့အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

အရေးကြီးသော မေးခွန်းမှာ ဇနီးမောင်နှံတို့သည် တစ်ဦးကိုတစ်ဦး နာကျင်အောင် လုပ်မိကြမလား ဆိုသည်မဟုတ်ဘဲ၊ နာကျင်မှုဖြစ်ပေါ်လာသောအခါ မည်သို့တုံ့ပြန်ကြမလဲ ဆိုသည်ပင်ဖြစ်သည်။ ဘုရား သခင်သည် အိမ်ထောင်သည်အိမ်ထောင်ဘက်များကို အမှန်တရား၊ ကျေးဇူးတော်၊ နောင်တရ ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် တုံ့ပြန်ရန် ခေါ်ဖိတ်ထားသည်။ ထိုဖြစ်စဉ်အားဖြင့် ပဋိပက္ခသည် ဝိညာဉ် ရေးရာ ကြီးထွားမှုနှင့် ပိုမိုနက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်မှုအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။

အဓိကအချက်များ အကျဉ်းချုပ်

၁။ ပဋိပက္ခဆိုသည်မှာ ရှောင်လွှဲ၍မရနိုင်ပါ

ကျမ်းစာပိုဒ်များ – ယာကုပ် ၄:၁-၂၊ ရောမ ၃:၂၃၊ ယာကုပ် ၃:၂၊ သုတ္တံ ၂၇:၁၇

အိမ်ထောင်ရေးတွင် ကျရှုံးတတ်သော၊ မပြည့်စုံသော လူနှစ်ဦး ပါဝင်နေသည်။ ဇနီးမောင်နှံ နှစ်ဦးစလုံး၌ အားနည်းချက်များ၊ အတ္တဆန္ဒများ၊ စိတ်ဒဏ်ရာများနှင့် ဆက်လက်ကြီးထွားရန် လိုအပ်နေသော နယ်ပယ် များ ရှိကြသည်။

ယာကုပ် ၄:၁-၂ တွင် ရန်ပွဲများသည် စိတ်နှလုံးအတွင်းရှိ ဆန့်ကျင်ဘက် အလိုဆန္ဒများမှ စတင်ဖြစ်ပေါ် ကြောင်း သင်ကြားထားသည်။ ထို့ကြောင့် ပဋိပက္ခသည် ပြင်ပအခြေအနေများကြောင့်ချည်း မဟုတ်ပါ။ ၎င်းသည် မာန၊ ကြောက်ရွံ့မှု၊ မနာလိုမှု၊ လုံခြုံမှုမရှိခြင်း၊ အတ္တဆန္ဒများ သို့မဟုတ် စိုးမိုးလိုသည့်ဆန္ဒ တို့ကို ဖော်ထုတ်ပေးနိုင်သည်။

ရောမ ၃:၂၃ တွင် လူတိုင်းသည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်နှင့် လွဲချော်ကြပြီဖြစ်ကြောင်း သတိပေးထားသည်။ မည်သည့်အိမ်ထောင်ဘက်မျှ ကိုယ်ကျင့်တရား ပြည့်ဝစွာ သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာ ရင့်ကျက်စွာဖြင့် အိမ်ထောင်ပြုလာကြသည် မဟုတ်ပါ။ ယာကုပ် ၃:၂ တွင် ထပ်မံ၍ လူတိုင်း သည် အထူးသဖြင့် နှုတ်ထွက်စကားအားဖြင့် နည်းလမ်းမျိုးစုံဖြင့် လဲကျတတ်ကြောင်း ဆိုထားသည်။ ဒေါသဖြင့် ပြောလိုက်သော စကားများသည် နက်ရှိုင်းသော ဒဏ်ရာများကို ချန်ထားခဲ့နိုင်သည်။

ဇနီးမောင်နှံတို့သည် ပဋိပက္ခတိုင်းကို အိမ်ထောင်ရေး ပျက်စီးသွားပြီဟု မယူဆဘဲ၊ ကွဲပြားမှုများနှင့် စိတ်ပျက်စရာများကို မျှော်လင့်ထားသင့်သည်။ နှိမ့်ချသောစိတ်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပဋိပက္ခ သည် ကုစားရန်နှင့် ကြီးထွားရန်လိုအပ်သည့် နယ်ပယ်များကို ဖော်ပြပေးနိုင်သည်။ သုတ္တံ ၂၇:၁၇ တွင် ဒီဖြစ်စဉ်ကို သံသည် သံကို ထက်စေသကဲ့သို့ဟု ပမာပြုထားသည်။

လက်တွေ့ကျင့်သုံးရန် – “ငါတို့မှာ ဘာလို့ ပဋိပက္ခတွေ ရှိနေရတာလဲ” ဟု မေးမည့်အစား “ဒီပဋိပက္ခက ငါတို့ရဲ့ စိတ်နှလုံးအကြောင်း ဘာကို ဖော်ပြနေသလဲ၊ ဘုရားသခင်က ငါတို့ကို ဘယ်လို ကြီးထွားစေချင် တာလဲ” ဟု မေးမြန်းသင့်ပါသည်။

၂။ အပြစ်နှင့် နာကျင်မှုကို ရိုးသားစွာ ရင်ဆိုင်ရမည်

ကျမ်းစာပိုဒ်များ – ဧဖက် ၄:၁၅, ၂၅၊ ဆာလံ ၃၂:၃-၅၊ မဿဲ ၁၈:၁၅၊ သုတ္တံ ၂၈:၁၃

စစ်မှန်သော ခွင့်လွှတ်ခြင်းသည် အမှန်တရားမှ စတင်သည်။ လူတိုင်းက ငြင်းဆိုရန်၊ လျှော့တွက်ရန် သို့မ ဟုတ် ဖုံးကွယ်ထားရန် မျှော်လင့်ထားသည့် အပြစ်တစ်ခုကို ခွင့်လွှတ်ရန် ခက်ခဲလှပါသည်။

ဧဖက် ၄:၁၅ တွင် ယုံကြည်သူများကို မေတ္တာနှင့်ယှဉ်၍ သစ္စာစကားကို ပြောဆိုရန် တိုက်တွန်း ထားသည်။ မေတ္တာမပါသော အမှန်တရားသည် ကြမ်းတမ်း၍ ပျက်စီးစေနိုင်သော်လည်း၊ အမှန်တရား မပါသော မေတ္တာသည်လည်း ရှောင်လွှဲခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း ဖြစ်သွားနိုင်သည်။ ကျန်းမာ သော အိမ်ထောင်ရေးတွင် ရိုးသားမှုနှင့် ကရုဏာတရား နှစ်ခုစလုံး လိုအပ်ပါသည်။

ဆာလံ ၃၂:၃-၅ တွင် အပြစ်ကို နှုတ်ဆိတ်နေခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ ဝန်ထုပ်ဝန်ပိုး အကြောင်း ဖော်ပြထားသည်။ ဖုံးကွယ်ထားသော မကောင်းမှုသည် စိတ်နှလုံးကို ထိခိုက်စေပြီး ဆက်ဆံ ရေးကို ပျက်စီးစေသည်။ သုတ္တံ ၂၈:၁၃ တွင်လည်း အပြစ်ကို ဖုံးအုပ်ထားခြင်းသည် တိုးတက်မှု ကို တားဆီးပြီး၊ အပြစ်ကို ဖော်ပြတောင်းပန်၍ စွန့်လွှတ်ခြင်းက ကရုဏာတော်ကို ရရှိစေကြောင်းသင် ကြားထားသည်။

မဿဲ ၁၈:၁၅ တွင် တစ်စုံတစ်ယောက်က မိမိကို ပြစ်မှားပါက ဘေးကင်း၍ သင့်တော်သောအခါ တိုက်ရိုက် သွားရောက်ပြောဆိုသင့်ကြောင်း သင်ကြားထားသည်။ ဒါသည် အခြားသူကို တိုက်ခိုက်ရန် သို့မဟုတ် အရှက်ခွဲရန် မဟုတ်ပါ။ ပြုမူသော အပြုအမူနှင့် ယင်း၏ ရိုက်ခတ်မှုကို ရှင်းလင်းစွာဖော် ထုတ်ခြင်း ဖြစ်သည်။

ခွင့်လွှတ်ခြင်းသည် နက်နက်ရှိုင်းရှိုင်း ထိခိုက်ခဲ့သော ကိစ္စတစ်ခုကို “ဘာမှမဖြစ်ပါဘူး” ဟု ပြောရန် မလို အပ်ပါ။ အဓိပ္ပာယ်ရှိသော ကုစားမှု မဖြစ်ပေါ်မီ နာကျင်မှုကို အသိအမှတ်ပြုရမည် ဖြစ်သည်။

လက်တွေ့ကျင့်သုံးရန် – အပြစ်ကို တိတိကျကျနှင့် တည်ငြိမ်စွာဖော်ပြပါ – “ဒီလိုဖြစ်ခဲ့တုန်းက ကျွန် တော် /ကျွန်မ နာကျင်ခဲ့ရသလို သစ္စာဖောက်ခံရတယ်လို့ ခံစားရတယ်”။ “မင်း အမြဲတမ်း…” သို့မဟုတ် “မင်း ဘယ်တော့မှ…” ဆိုသည့် ချဲ့ကားသော စကားမျိုးကို ရှောင်ကြဉ်ပါ။

၃။ ဘုရားသခင်၏ ကျေးဇူးတော်သည် ခွင့်လွှတ်ခြင်း၏ အုတ်မြစ်ဖြစ်သည်

ကျမ်းစာပိုဒ်များ – ဧဖက် ၄:၃၁-၃၂၊ ကောလောသဲ ၃:၁၂-၁၃၊ မဿဲ ၁၈:၂၁-၃၅၊ ရောမ ၅:၈

ခရစ်ယာန်တို့၏ ခွင့်လွှတ်ခြင်းသည် ဘုရားသခင် ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့သော အရာမှစတင် သည်။ မကောင်းမှုသည် အရေးမကြီးသောကြောင့် ခွင့်လွှတ်ခြင်း မဟုတ်ပါ။ ခရစ်တော်အားဖြင့် အကန့်အသတ်မရှိသော မထိုက်တန်သည့် ကရုဏာတော်ကို ရရှိထားသောကြောင့် ခွင့်လွှတ်ခြင်းဖြစ် သည်။

ဧဖက် ၄:၃၁-၃၂ တွင် ခါးသီးခြင်း၊ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းနှင့် မကောင်းသော သဘောများကို စွန့်လွှတ်၍ ခရစ်တော်၌ ဘုရားသခင် ခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်း ခွင့်လွှတ်ကြရန် ခေါ်ဖိတ် ထားသည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းသည် အခြားသူများကို ခွင့်လွှတ်ရန် ပုံစံနှင့် ခွန်အားဖြစ်လာ သည်။

ကောလောသဲ ၃:၁၂-၁၃ တွင် ခရစ်ယာန်များကို သနားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့ခြင်းနှင့် သည်းခံခြင်းတည်းဟူသော စိတ်သဘောကို ဝတ်ဆင်ရန် သင်ကြားထားသည်။ ထိုအရည်အသွေး များသည် ဇနီးမောင်နှံများ အချင်းချင်း၏ အားနည်းချက်များကို အနီးကပ် မြင်တွေ့နေရသည့် အိမ် ထောင်ရေးတွင် အထူးလိုအပ်ပါသည်။

မဿဲ ၁၈:၂၁-၃ – တွင် ယေရှုသည် ကြွေးမြီအမြောက်အမြား ခွင့်လွှတ်ခြင်းခံရသော်လည်း အခြားသူ၏ အသေးအဖွဲ ကြွေးမြီကို ခွင့်မလွှတ်ခဲ့သော အစေခံအကြောင်း ပမာပေးပြောဆိုခဲ့သည်။ အခြားသူ၏ ပြစ်မှားမှုသည် မနာကျင်ပါဟု ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားသခင်၏ ကရုဏာကို ရရှိခြင်းသည် ကျွန်ုပ် တို့ကို ပြစ်မှားသောသူများအပေါ် တုံ့ပြန်ပုံကို ပြောင်းလဲစေသင့်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ရောမ ၅:၈ တွင် ကျွန်ုပ်တို့သည် အပြစ်ရှိသူများ ဖြစ်နေစဉ်ပင် ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေ ခံခဲ့ကြောင်း ရှင်းပြထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ချစ်ခြင်းနှင့် ထိုက်တန် လာသည် အထိ စောင့်ဆိုင်းမနေဘဲ ကျေးဇူးတော်ဖြင့် ကျွန်ုပ်တို့ထံ ကြွလာခဲ့ခြင်း ဖြစ်သည်။

လက်တွေ့ကျင့်သုံးရန် – အိမ်ထောင်ဘက်၏ အမှားကိုပဲ စိစစ်နေမည့်အစား မိမိကိုယ်တိုင် ဘုရားသခင် ၏ ကျေးဇူးတော် လိုအပ်နေသူဖြစ်ကြောင်း ဆုတောင်းလျက် သတိရပါ။ ခွင့်လွှတ်ခံရမှုအပေါ် ကျေးဇူး တင်စိတ်သည် ခက်ထန်နေသော စိတ်နှလုံးကို နူးညံ့ပျော့ပျောင်း စေနိုင်ပါသည်။

၄။ နောင်တရခြင်းတွင် တာဝန်ယူမှု ပါဝင်သည်

ကျမ်းစာပိုဒ်များ – ဒုတိယ ကောရိန္သု ၇:၉-၁၁၊ ဆာလံ ၅၁:၁-၄, ၁၀၊ လုကာ ၁၉:၈-၉၊ ယာကုပ် ၅:၁၆

စစ်မှန်သော တောင်းပန်ခြင်းဆိုသည်မှာ “မင်း စိတ်ဆိုးသွားလို့ စိတ်မကောင်းပါဘူး” ဟု ပြောရုံမျှ မဟုတ် ပါ။ ကျမ်းစာလာ နောင်တရခြင်းသည် အမှားအတွက် တာဝန်ယူမှုကို လက်ခံပြီးပြောင်းလဲလို သော စစ်မှန်သည့် ဆန္ဒကို ပြသခြင်း ဖြစ်သည်။

ဆာလံ ၅၁ တွင် ဒါဝိဒ်သည် မိမိ၏အပြစ်ကို ပွင့်လင်းစွာ ဝန်ခံပြီး သန့်ရှင်းသော စိတ်နှလုံးကို ဖန်ဆင်း ပေးပါရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့သည်။ သူသည် သူ၏ အခြေအနေ သို့မဟုတ် ဘေးလူများ ကို အပြစ်မပုံခဲ့ပါ။ စစ်မှန်သော နောင်တသည် ပြစ်မှားသူက အမှားကို ဆင်ခြေပေးခြင်းမှ ရပ်တန့်လိုက် သည့်အခါ စတင်သည်။

ဒုတိယ ကောရိန္သု ၇:၉-၁၁ တွင် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းခြင်းနှင့် လောကီဆိုင်ရာ ဝမ်းနည်းခြင်းတို့ကို ခွဲခြားပြထားသည်။ လောကီဆိုင်ရာ ဝမ်းနည်းခြင်းသည် အပြစ်ပေါ်သွားခြင်း သို့မဟုတ် အကျိုးဆက်များကို ရင်ဆိုင်ရခြင်းအပေါ် ရိုးရိုးမျှ နောင်တရခြင်း ဖြစ်နိုင်သည်။ ဘုရားသခင် ၏အလိုတော်နှင့်အညီ ဝမ်းနည်းခြင်းမူ နောင်တရခြင်း၊ လေးနက်မှုရှိခြင်းနှင့် အမှားကိုပြန်လည်ပြင် ဆင်လိုသော ဆန္ဒကို ဖြစ်ပေါ်စေသည်။

လုကာ ၁၉:၈-၉ တွင် ဇက္ခဲ၏ ယေရှုအပေါ် တုံ့ပြန်ပုံကို မှတ်တမ်းတင်ထားသည်။ သူ၏ နောင်တရ ခြင်းသည် လက်တွေ့ကျသော ပြန်လည်ပေးဆပ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။ သူသည် စိတ်လှုပ်ရှား မှုကို သက်သက် ပြသခဲ့ခြင်းမဟုတ်ဘဲ အပြုအမူအားဖြင့် ပြောင်းလဲမှုကို သက်သေပြခဲ့သည်။

ယာကုပ် ၅:၁၆ တွင် ယုံကြည်သူများကို အချင်းချင်း အပြစ်များကို ဝန်ခံကြရန်နှင့် ဆုတောင်းပေးကြရန် တိုက်တွန်းထားသည်။ အိမ်ထောင်ရေးတွင် ဝန်ခံခြင်းသည် ရှင်းလင်းမှု၊ နှိမ့်ချမှုရှိရမည်ဖြစ်ပြီး အပြစ်လွှဲ ချခြင်းများမှ ကင်းလွတ်ရမည်။

တာဝန်ယူမှုရှိသော တောင်းပန်ခြင်းတွင် အောက်ပါတို့ ပါဝင်သည် –

  • တိကျသော အမှားကို အမည်တပ် ဖော်ပြခြင်း။
  • ယင်း၏ ထိခိုက်မှုကို အသိအမှတ်ပြုခြင်း။
  • စစ်မှန်သော ဝမ်းနည်းမှုကို ဖော်ပြခြင်း။
  • ခွင့်လွှတ်ပါရန် အတင်းအကျပ် မတောင်းဆိုဘဲ တောင်းပန်ခြင်း။
  • ဖြစ်နိုင်သမျှနေရာများတွင် ပြန်လည်ပေးဆပ် ပြင်ဆင်ခြင်း။
  • ထပ်မံမဖြစ်ပွားစေရန် အစီအစဉ် ရေးဆွဲခြင်း။
  • သင့်တော်သော အကျိုးဆက်များကို လက်ခံခြင်း။

လက်တွေ့ကျင့်သုံးရန် – စစ်မှန်သော တောင်းပန်မှုက – “ငါလုပ်ခဲ့တာ မှားပါတယ်။ မင်းကို နာကျင်စေ ခဲ့တယ်ဆိုတာ ငါနားလည်ပါတယ်။ ငါ တာဝန်ယူပါတယ်၊ ပြီးတော့ ပြောင်းလဲချင်ပါတယ်” ဟုဆိုပါ သည်။

၅။ ခွင့်လွှတ်ခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေမှုကို စွန့်လွှတ်ခြင်းဖြစ်သည်

ကျမ်းစာပိုဒ်များ – ရောမ ၁၂:၁၇-၂၁၊ ဧဖက် ၄:၂၆-၂၇၊ ဟေဗြဲ ၁၂:၁၄-၁၅၊ ကမ္ဘာဦး ၅၀:၁၉-၂၁

ခွင့်လွှတ်ခြင်းတွင် လက်စားချေပိုင်ခွင့်ကို စွန့်လွှတ်ခြင်းပါဝင်သည်။ မိမိ နာကျင်ခဲ့ရသည့်အတွက် ပြစ် မှားသူကိုလည်း နာကျင်စေချင်သည့် စိတ်ကို ငြင်းပယ်ခြင်း ဖြစ်သည်။

ရောမ ၁၂:၁တ-၂၁ တွင် ယုံကြည်သူများကို မကောင်းသောအမှုကို မကောင်းသောအမှုဖြင့် မတုံ့ပြန်ရန် သို့မဟုတ် လက်စားမချေရန် ညွှန်ကြားထားသည်။ ထိုအစား တရားမျှတမှုကို ဘုရားသခင်ထံ အပ်နှံပြီး မကောင်းသောအမှုကို ကောင်းသောအမှုဖြင့် အနိုင်ယူရမည် ဖြစ်သည်။ ဒါသည် တာဝန်ယူမှုကို ဖယ်ရှား လိုက်ခြင်း မဟုတ်ပါ၊ အပြစ်ပေးခြင်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှု သို့မဟုတ် လက်စား ချေမှု ဖြင့် မလုပ်ဆောင်ရဟု ဆိုလိုခြင်း ဖြစ်သည်။

ဧဖက် ၄:၂၆-၂၇ တွင် မဖြေရှင်းရသေးသော ဒေါသသည် စာတန်အား နောက်ထပ် ဖျက်ဆီးမှုများ ပြု လုပ်ရန် အခွင့်အရေး ပေးနိုင်ကြောင်း သတိပေးထားသည်။ ဒေါသသည် မှားယွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း စတင်ဖော်ပြပေးနိုင်သော်လည်း၊ ဆက်လက် မွေးမြူထားသော ဒေါသသည် ခါးသီးမှုနှင့် မထီမဲ့မြင်ပြုမှု ဖြစ်လာနိုင်သည်။

ဟေဗြဲ ၁၂:၁၄-၁၅ တွင် ခါးသီးခြင်းကို လူအများအား ဒုက္ခပေးတတ်သော အမြစ်တစ်ခုအဖြစ် ပမာပြု ထားသည်။ အိမ်ထောင်ရေးတွင် ခါးသီးမှုသည် ဖြစ်ရပ်တစ်ခုတည်း၌ ရပ်တန့်မနေပါ။ ၎င်းသည် ဆက် သွယ်ပြောဆိုမှု၊ သံယောဇဉ်၊ မိဘအဖြစ် ပြုစုပျိုးထောင်မှုနှင့် အိမ်၏ လေထုတစ်ခုလုံးကို လွှမ်းမိုး နိုင်သည်။

ကမ္ဘာဦး ၅၀:၁၉-၂၁ တွင် ဇောသပ္ပသည် မိမိအား ပြင်းထန်စွာ နာကျင်အောင် လုပ်ခဲ့သော ညီအစ် ကိုများကို လက်စားချေရန် ငြင်းဆန်ခဲ့သည်။ သူသည် တရားမျှတမှုအပေါ် ဘုရားသခင်၏ အခွင့်အာ ဏာကို အသိအမှတ်ပြုပြီး ကရုဏာဖြင့် တုံ့ပြန်ရန် ရွေးချယ်ခဲ့သည်။ အတိတ်က အရိပ်အယောင်များ သို့မဟုတ် နာကျင်ဖွယ် စိတ်ခံစားချက်များ ပြန်လည်ရောက်ရှိလာ သည့် အခါတိုင်း ခွင့်လွှတ်ခြင်းကို ဆန်းသစ်ရန် လိုအပ်နိုင်သည်။ ၎င်းသည် ပြတ်သားသော ကတိကဝတ် တစ်ခုဖြစ်သလို ဆက်လက်လုပ် ဆောင်ရမည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

လက်တွေ့ကျင့်သုံးရန် – ထိခိုက်နစ်နာရသူ အိမ်ထောင်ဘက်သည် ပြစ်မှားသူကို လူအများရှေ့တွင် အရှက်ခွဲခြင်း၊ အပြစ်ကို လက်နက်သဖွယ် ခဏခဏ အသုံးပြုခြင်း သို့မဟုတ် နာကျင်စေမည့် နည်းလမ်း များကို တိတ်တဆိတ် ကြံစည်ခြင်းတို့ ပြုလုပ်မည် မဟုတ်ပါ။

၆။ ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့သည် ဆက်စပ်နေသော်လည်း ကွဲပြားကြသည်

ကျမ်းစာပိုဒ်များ – ရောမ ၁၂:၁၈၊ လုကာ ၁၇:၃-၄၊ မဿဲ ၅:၂၃-၂၄၊ ဒုတိယ ကောရိန္သု ၅:၁၈-၂၀

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့သည် နီးကပ်စွာ ဆက်စပ်နေသော်လည်း ထပ်တူတော့ မဟုတ်ပါ။ ခွင့်လွှတ်ခြင်းဆိုသည်မှာ မကျေနပ်ချက်နှင့် လက်စားချေလိုစိတ်တို့ကို ဘုရားသခင်ထံ လွှတ် တင်လိုက်ခြင်း ဖြစ်သည်။ ပြန်လည်သင့်မြတ်ခြင်းတွင် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ခြင်း ပါဝင်သဖြင့် လူနှစ်ဦးစလုံး၏ ပါဝင်ဆောင်ရွက်မှု လိုအပ်ပါသည်။

ရောမ ၁၂:၁၈ တွင် မိမိတို့ဘက်မှ တတ်နိုင်သမျှ လူတိုင်းနှင့် အေးချမ်းစွာ နေထိုင်ရန် ဆိုထားသည်။ ထိုစကားရပ်သည် ငြိမ်းချမ်းရေးဆိုသည်မှာ လူတစ်ယောက်တည်း၏ ထိန်းချုပ်မှုအောက်တွင် အမြဲတမ်း မရှိကြောင်း အသိအမှတ်ပြုထားခြင်း ဖြစ်သည်။ အိမ်ထောင်ဘက်တစ်ဦးသည် ခွင့်လွှတ် သော သဘော ထားကို ရွေးချယ်နိုင်သော်လည်း၊ အခြားတစ်ဦးကို နောင်တရရန် သို့မဟုတ် ပြောင်းလဲရန်အတင်း အကျပ် မလုပ်နိုင်ပါ။

လုကာ ၁၇:၃-၄ တွင် ခွင့်လွှတ်ခြင်းနှင့် နောင်တရခြင်းတို့ကို ပေါင်းစည်းပေးထားသည်။ ယေရှုသည် ယုံကြည်သူများကို အပြစ်ကို ရင်ဆိုင်ပြောဆိုရန်နှင့် နောင်တရသော ပြစ်မှားသူကို ခွင့်လွှတ်ရန် မိန့်မှာ ထားသည်။ ဒါသည် ကျမ်းစာလာ မေတ္တာတွင် အမှန်တရားနှင့် ကျေးဇူးတော် နှစ်ခုစလုံး ပါဝင်ကြောင်း ပြသနေသည်။

မဿဲ ၅:၂၃-၂၄ တွင် ပျက်စီးသွားသော ဆက်ဆံရေးများကို ပြန်လည်ပြင်ဆင်ခြင်းကို လေးနက်စွာနှင့် အရေးတကြီး ဆောင်ရွက်ရန် သင်ကြားထားသည်။ မိမိအား တစ်စုံတစ်ယောက်က မကျေမနပ်ဖြစ် နေကြောင်း သတိရသူသည် ပြန်လည်သင့်မြတ်ရေးအတွက် စတင်လုပ်ဆောင်သင့်သည်။

ဒုတိယ ကောရိန္သု ၅:၁၈-၂၀ တွင် ဘုရားသခင်ကို ခရစ်တော်အားဖြင့် လူတို့ကို မိမိနှင့် ပြန်လည် သင့်မြတ် စေသူအဖြစ် ဖော်ပြထားပြီး ယုံကြည်သူများကို ပြန်လည်သင့်မြတ်ခြင်းဆိုင်ရာ အမှုတော်ကို ပေးအပ် ထားသည်။ အိမ်ထောင်ရေးသည် ဘုရားသခင်၏ ထိုသို့သော ပြန်လည်သင့်မြတ်စေသည့် သဘာဝကို ရောင်ပြန်ဟပ်သင့်သည်။

သို့သော်လည်း ပြန်လည်သင့်မြတ်ခြင်းကို နှုတ်ထွက်စကားမျှဖြင့် ရေရှည်မထိန်းသိမ်းနိုင်ပါ။ ၎င်းတွင် ရိုးသားမှု၊ နောင်တရမှု၊ ဘေးကင်းမှု၊ ပြောင်းလဲလာသော အမူအကျင့်နှင့် တိုးတက်လာသော ယုံကြည် မှုတို့ လိုအပ်ပါသည်။

လက်တွေ့ကျင့်သုံးရန် – ခွင့်လွှတ်ခြင်းသည် ဝိညာဉ်ရေးရာ ကတိကဝတ်အဖြစ် ချက်ချင်းစတင်နိုင်သော် လည်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် ပြန်လည်ရရှိလာသော ယုံကြည်မှုတို့သည် နောင်တရခြင်းကို လက်တွေ့မြင်တွေ့ရသည်နှင့်အမျှ တဖြည်းဖြည်း တိုးတက်လာမည် ဖြစ်သည်။

၇။ ခွင့်လွှတ်ခြင်းသည် ပညာရှိသော စည်းဘောင်များကို မဖျက်ဆီးပါ

ကျမ်းစာပိုဒ်များ – သုတ္တံ ၂၂:၃၊ မဿဲ ၁၈:၁၅-၁၇၊ အဲဖက်ဆု ၅:၁၁၊ ဂလာတိ ၆:၁-၂၊ ဆာလံ ၈၂:၃-၄

အိမ်ထောင်ဘက်ကို ခွင့်လွှတ်ခြင်းဆိုသည်မှာ ဆက်လက်ဖြစ်ပွားနေသော နှိပ်စက်မှု၊ လှည့်ဖြားမှု၊ စွဲလမ်း မှု၊ လှည့်ကွက်သုံးမှု သို့မဟုတ် ပျက်စီးစေသော အပြုအမူများကို ခွင့်ပြုပေးခြင်း မဟုတ်ပါ။ ကျမ်းစာလာ မေတ္တာသည် အမှန်တကယ် ကောင်းမွန်သောအရာကို ရှာဖွေပြီး အချို့သောအခါများတွင် ထိုကောင်း မွန်မှုအတွက် ခိုင်မာသော စည်းဘောင်များ လိုအပ်ပါသည်။

သုတ္တံ ၂၂:၃ တွင် ပညာရှိသောသူသည် ဘေးအန္တရာယ်ကို မြင်၍ ပုန်းအောင်းတတ်ကြောင်း သင်ကြား ထားသည်။ ပညာတရားသည် ရှောင်လွှဲနိုင်သော အန္တရာယ်တွင် ဆက်လက်စွန့်စားနေရန် မလိုအပ်ပါ။

မဿဲ ၁၈:၁၅-၁၇ တွင် တာဝန်ယူမှုဆိုင်ရာ အဆင့်ဆင့် လုပ်ဆောင်ပုံကို ဖော်ပြထားသည်။ သီးသန့် တွေ့ဆုံ ပြောဆိုမှုက ပြောင်းလဲမှုမဖြစ်စေပါက အခြားယုံကြည်စိတ်ချရသော လူများကိုထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ကြီးမားသော အိမ်ထောင်ရေး ပြဿနာများကို အမြဲတမ်း ဖုံးကွယ်မထား သင့်ပါ။

ဧဖက် ၅:၁၁ တွင် ယုံကြည်သူများကို မှောင်မိုက်၏ အမှုများတွင် မပါဝင်ဘဲ ဖော်ထုတ်ကြရန် ညွှန်ကြားထားသည်။ ဆက်လက်ပြုလုပ်နေသော မကောင်းမှုကို အားပေးကူညီသည့် တိတ်ဆိတ် နေမှု သည်ခွင့်လွှတ်ခြင်းနှင့် မတူပါ။

ဂလာတိ ၆:၁-၂ တွင် ဝိညာဉ်ရေးရာ ရင့်ကျက်သူများကို အခြားသူအား နူးညံ့သောသဘောဖြင့် ပြန်လည်တည့်မတ်ပေးရန်နှင့် အချင်းချင်း၏ ဝန်များကို ထမ်းဆောင်ပေးကြရန် ခေါ်ဖိတ်ထားသည်။ ထို့ကြောင့် သင်းအုပ်ဆရာများ၊ ရင့်ကျက်သော ခရစ်ယာန် မိတ်ဆွေများ၊ ဆရာဝန်များ၊ အကြံပေး ပုဂ္ဂိုလ်များ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်များသည် လူများကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင် ရေးကို ကူညီရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

ဆာလံ ၈၂:၃-၄ တွင် ဘုရားသခင်၏ လူများကို အားနည်းသူများကို ကာကွယ်ရန်နှင့် လိုအပ်နေသူများ ကို ကယ်တင်ရန် ခေါ်ဖိတ်ထားသည်။ ခွင့်လွှတ်ခြင်းကို မဘေးကင်းသော အခြေအနေတစ်ခုတွင်ဆက် လက်နေထိုင်ရန် ဖိအားပေးသည့် နည်းလမ်းအဖြစ် ဘယ်တော့မှ မသုံးသင့်ပါ။

လက်တွေ့ကျင့်သုံးရန် – စည်းဘောင်များတွင် အကြံဉာဏ်ရယူခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှု၊ ဘေးကင်းရေးအတွက် ယာယီခွဲနေခြင်း၊ ကြီးကြပ်ကွပ်ကဲမှု သို့မဟုတ် အသင်းတော်နှင့် တရား ဥပဒေ ဆိုင်ရာ အာဏာပိုင်များ၏ ပါဝင်မှုတို့ ပါဝင်နိုင်သည်။ နှိပ်စက်မှု သို့မဟုတ် အန္တရာယ်ရှိပါက ချက်ချင်း အကူအညီ တောင်းခံရမည်။

၈။ ပန်းတိုင်သည် ချစ်ခြင်းနှင့် သံယောဇဉ်ကို ပြန်လည်ရရှိရန် ဖြစ်သည်

ကျမ်းစာပိုဒ်များ – ပထမ ကောရိန္သု ၁၃:၄-၇၊ ပထမ ပေတရု ၄:၈၊ ကောလောသဲ ၃:၁၄၊ ကမ္ဘာဦး ၂:၂၄၊ ယောဟန် ၁၃:၃၄-၃၅

ခွင့်လွှတ်ခြင်း၏ ရည်ရွယ်ချက်သည် ငြင်းခုံမှုကို အဆုံးသတ်ရန်မျှ မဟုတ်ပါ။ ၎င်း၏ ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်မှာ ချစ်ခြင်း၊ စည်းလုံးခြင်း၊ ဝိညာဉ်ရေးရာ ကြီးထွားမှုနှင့် သံယောဇဉ်တို့ကို တားဆီးနေ သော အတားအဆီးများကို ဖယ်ရှားရန် ဖြစ်သည်။

၁ ကောရိန္သု ၁၃:၄-၇ တွင် မေတ္တာသည် သည်းခံတတ်၏၊ ကျေးဇူးပြုတတ်၏၊ နှိမ့်ချတတ်၏၊ ကိုယ်ကျိုးမရှာတတ်ဟု ဖော်ပြထားသည်။ မေတ္တာသည် မကောင်းသောအမှု၌ ဝမ်းမြောက်ခြင်းမရှိဘဲ အမှန်တရား၌ ဝမ်းမြောက်တတ်သည်။ ဒါသည် စစ်မှန်သော အိမ်ထောင်ရေး မေတ္တာတွင် သည်းခံခြင်း နှင့် ခွင့်လွှတ်ခြင်း ပါဝင်သကဲ့သို့ အမှန်တရားအပေါ် သစ္စာစောင့်သိမှုလည်း ပါဝင်ကြောင်း ဆိုလိုသည်။

၁ပေတရု ၄:၈ တွင် မေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်ကြောင်း သင်ကြားထားသည်။ ဒါသည် နှိပ်စက်မှုကို ဖုံးကွယ်ခြင်း သို့မဟုတ် ကြီးမားသော အမှားများကို မရင်ဆိုင်ခြင်းဟု မဆိုလိုပါ။ မေတ္တာသည် အခြားသူ၏ အမှားများကို လိုအပ်တာထက် ပို၍ မဖော်ထုတ်ခြင်း၊ အသေးအဖွဲ ပျက်ကွက် မှုတိုင်းကို မှတ်တမ်းမတင်ခြင်း သို့မဟုတ် သာမန် ပြစ်မှားမှုများကို မိတ်သဟာယ ပျက်စီးစေရန် မခွင့်ပြု ခြင်းဖြစ်သည်။

ကောလောသဲ ၃:၁၄ တွင် မေတ္တာကို အခြားသော သီလအားလုံးကို စည်းလုံးခြင်း၌ ပေါင်းစည်း ပေးသော အရာအဖြစ် ဖော်ပြထားသည်။ ခွင့်လွှတ်ခြင်းသည် မကျေနပ်ချက်များက ဆက်ဆံရေးကို လွှမ်းမိုးမသွား စေရန် တားဆီးခြင်းဖြင့် ထိုစည်းလုံးမှုကို ကာကွယ်ပေးသည်။

ကမ္ဘာဦး ၂:၂၄ တွင် အိမ်ထောင်ရေးကို တစ်သားတစ်ကိုယ်တည်း ပေါင်းစည်းခြင်းအဖြစ် တင်ပြထား သည်။ မဖြေရှင်းရသေးသော မကျေနပ်ချက်သည် ထိုပေါင်းစည်းမှုအတွင်း စိတ်ပိုင်းဆိုင်ရာ ကင်းကွာမှု ကို ဖန်တီးပေးပြီး၊ နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းတို့က ဇနီးမောင်နှံများကို တစ်ဦးထံတစ်ဦး ပြန်လည် ချဉ်းကပ်စေရန် ကူညီပေးသည်။

ယောဟန် ၁၃:၃၄-၃၅ တွင် ယေရှုသည် မိမိ၏ နောက်လိုက်များကို မိမိချစ်ခဲ့သကဲ့သို့ အချင်းချင်း ချစ်ကြရန် မိန့်မှာခဲ့သည်။ ကျေးဇူးတော်ဖြင့် ပုံသွင်းထားသော အိမ်ထောင်ရေးသည် ခရစ်တော်၏ ပြောင်းလဲစေသော ချစ်ခြင်းမေတ္တာအတွက် မြင်သာသော သက်သေတစ်ခု ဖြစ်လာနိုင်သည်။

လက်တွေ့ကျင့်သုံးရန် – အမှားတစ်ခုကို ဖြေရှင်းပြီးနောက်၊ ဇနီးမောင်နှံတို့သည် ဆုတောင်းခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်း၊ ကြင်နာမှုပြခြင်း၊ သစ္စာရှိခြင်း၊ အဓိပ္ပာယ်ရှိသော အကူအညီပေးခြင်းနှင့် အတူတကွ အချိန်ဖြုန်းခြင်းတို့ဖြင့် ဆက်သွယ်မှုကို တမင်တကာ ပြန်လည်တည်ဆောက်သင့်သည်။

သုံးသပ်ဆင်ခြင်ရန် မေးခွန်းများ

၁။ ငါ့အိမ်ထောင်ရေးမှာ ငါဆက်လက် ထမ်းပိုးထားဆဲဖြစ်တဲ့ မဖြေရှင်းရသေးတဲ့ နာကျင်မှု ဘာရှိ သလဲ။

၂။ ထိုအတွေ့အကြုံက ငါ့ကို မည်သို့ ထိခိုက်ခဲ့ကြောင်း ရှင်းလင်းစွာနှင့် လေးစားစွာ ရှင်းပြခဲ့ဖူးသလား။

၃။ ငါ တောင်းပန်တဲ့အခါ ငါ့အပြုအမူအတွက် တာဝန်ယူသလား သို့မဟုတ် ဆင်ခြေပေး ကာကွယ်သ လား။

၄။ သဘောထားကွဲလွဲမှုတွေအတွင်း ငါ့အိမ်ထောင်ဘက်ကို ပြန်လည်တိုက်ခိုက်ဖို့ ခဏခဏ ပြန်သုံး နေတဲ့ အမှားမျိုး ရှိသလား။

၅။ အပြစ်တစ်ခုကို ခွင့်လွှတ်ခြင်းနဲ့ ယုံကြည်မှုကို ချက်ချင်း ပြန်လည်ရရှိခြင်းတို့ရဲ့ ကွာခြားချက်က ဘာလဲ။

၆။ မည်သည့် ကြောက်ရွံ့မှု သို့မဟုတ် စိုးမိုးလိုသည့် ဆန္ဒက ငါ့ကို ခွင့်လွှတ်ဖို့ ခက်ခဲစေသလဲ။

၇။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို သတိရခြင်းက ငါ့အိမ်ထောင်ဘက်အပေါ် ထားရှိတဲ့ ငါ့သဘော ထားကို ဘယ်လို ပြောင်းလဲစေသလဲ။

၈။ စစ်မှန်သော နောင်တကို ပြသရန် မည်သည့် တိကျသော အပြုအမူက သက်သေပြနိုင်သလဲ။

၉။ စည်းဘောင်များ၊ သင်းအုပ်ဆရာ၏ လမ်းညွှန်မှု သို့မဟုတ် ကျွမ်းကျင်သူ၏ အကြံဉာဏ်များ လိုအပ်နေသလား။

၁၀။ အမှန်တရား၊ ကုစားခြင်းနှင့် သံယောဇဉ် ပြန်လည်ဆန်းသစ်ရေးအတွက် ဒီတစ်ပတ်မှာ ငါတို့ မည်သည့်အဆင့်ကို လှမ်းနိုင်သလဲ။

နိဂုံး

ခွင့်လွှတ်ခြင်းဆိုသည်မှာ နာကျင်မှုကို မြန်မြန်ဆန်ဆန် ငြင်းဆန်ခြင်းမဟုတ်ဘဲ စစ်မှန်သောမေတ္တာကို ဖော်ပြခြင်းဖြစ်သည်။ ၎င်းသည် ဇနီးမောင်နှံများအား အမှားများကို ရိုးသားစွာရင်ဆိုင်ရန်၊ ဘုရား သခင်၏ ကျေးဇူးတော်ကို ရယူရန်၊ လက်စားချေလိုစိတ်ကို စွန့်လွှတ်ရန်၊ နောင်တကို ကျင့်သုံးရန်နှင့် ပြန်လည်ထူထောင်ရေးကို ပညာရှိစွာ လုပ်ဆောင်ရန် လိုအပ်ပါသည်။

ခွင့်လွှတ်ခြင်းသည် အကျိုးဆက်များကို အလိုအလျောက် ဖယ်ရှားမပေးသလို ယုံကြည်မှုကိုလည်း ချက်ချင်း ပြန်မတည်ဆောက်ပေးနိုင်ပါ။ ထို့အပြင် ဆက်လက်ဖြစ်ပွားနေသော ပျက်စီးစေသည့် အပြုအမူများကို သည်းခံရန်လည်း မလိုအပ်ပါ။ သို့သော်လည်း အမှန်တရားနှင့် ကျေးဇူးတော်ကို အတူတကွ ကျင့်သုံးသောအခါ၊ ခွင့်လွှတ်ခြင်းသည် ခါးသီးမှုက အိမ်ထောင်ရေးကို လွှမ်းမိုးမ သွားအောင် တားဆီးပေးနိုင်ပြီး ကုစားခြင်း၊ ရင့်ကျက်ခြင်းနှင့် ပိုမိုနက်ရှိုင်းသော သံယောဇဉ်တို့ဆီသို့ လမ်းစဖွင့် ပေးနိုင်ပါသည်။

ခွင့်လွှတ်တတ်သော အိမ်ထောင်ရေးဆိုသည်မှာ နာကျင်မှု သို့မဟုတ် ပဋိပက္ခမရှိသော အိမ်ထောင်ရေး မဟုတ်ပါ။ ၎င်းသည် ဇနီးမောင်နှံနှစ်ဦးစလုံး ဘုရားသခင်၏ ကျေးဇူးတော်ထံ ထပ်ခါတလဲလဲ ပြန်လည် ရောက်ရှိကြပြီး၊ တာဝန်ယူကြကာ၊ အမှန်တရားကို ပြောဆိုကြ၍၊ ကရုဏာပေးလျက် ပြန်လည် သင့်မြတ်ရေးကို ရွေးချယ်သည့် အိမ်ထောင်ရေးဖြစ်ပါသည်။ ခင်ပွန်းနှင့် ဇနီးတို့သည် ခရစ်တော်ခွင့် လွှတ်ခဲ့သကဲ့သို့ ခွင့်လွှတ်ရန် သင်ယူကြသောအခါ၊ သူတို့၏ ဆက်ဆံရေးသည် ဘုရားသခင်၏ သစ္စာရှိ၍ ရင်းနှီးမြှုပ်နှံသော ချစ်ခြင်းမေတ္တာကို ပိုမိုရောင်ပြန်ဟပ်လာနိုင်မည် ဖြစ်ပါသည်။

( Dan B. Allender နဲ့ Tremper Longman III တို့ရဲ့ ခြောက်ကြိမ်မြောက် လေ့လာမှုလမ်းညွှန် (six-session study guide) ရဲ့ ဗဟိုပြုအကြောင်းအရာကို အခြေခံ ထားတဲ့ အိမ်ထောင်ရေး ခွင့် လွှတ် ခြင်း”ကို ကိုးကားထားပါသည်။)